ဟင်းရည် ချက်ရည်အတွက် ပါဝင်ပစ္စည်းများ
၁။ မွှေးပဲစိမ်းမှုန့်			တစ်ထုပ် ( 150 g )
 ၂။ အုန်းနို့ဘူးသေး		        ၁ ဘူး ( 160 ml )
 ၃။ ကြက်သွန်နီ ဥကြီး		၂ လုံး ( ဆီသတ်ရန်အတွက် )
 ၄။ ကြက်သွန်နီ ဥသေး		အနည်းငယ် ( ဟင်းရည်ထဲထည့်ရန်အတွက် )
 ၅။ အရောင်တင်မှုန့်		၁ ဇွန်းခွဲ ( ထမင်းစားဇွန်း )
 ၆။ ကြက်သား			၁၅ ကျပ်သား
 ၇။ ငါးဖယ်ကြော်			အနည်းငယ်
 ၈။ ဆီ				အနည်းငယ်
 ၉။ အချိုမှုန့်			       လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 ၁၀။ သကြား		       လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 ၁၁။ ငံပြာရည်		       ၆၀ မီလီ
အုန်းနို့ခေါက်ဆွဲပြင်ရန်အတွက် ပါဝင်ပစ္စည်းများ
၁။ ခေါက်ဆွဲဖတ်
 ၂။ မုန့်ကြွပ်
 ၃။ ကြက်သွန်နီ ( ပါးပါးလှီး၍ ရေဆေးပါ။)
 ၄။ နံနံပင်
 ၅။ သံပုရာသီး (သို့) ရှောက်သီး
 ၆။ ငြုပ်သီးမှုန့်
 ၇။ ပဲကြော်
 ၈။ ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေ ၆၀၀ မီလီ (ရေသန့်ဘူးလတ် ၁ ဘူး) ထည့်ဖျော်ပါ။ အခဲများမပါစေရန် ဇကာဖြင့်စစ်ပါ။ မိနစ်သုံးဆယ်ခန့်ထားပါ။
 ၂။ ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီဆူလျှင် ကြိတ်ထားသော ကြက်သွန်နီ ဥကြီး ၂ လုံး ဆီသတ်ပါ။ နနွင်းအနည်းငယ်ထည့်ပါ။ ခဏကြာလျှင် အရောင်တင်မှုန့် ၁ ဇွန်းခွဲထည့်ပါ။ ရလျှင် ကြက်သား ၁၅ကျပ်သား ထည့်၍ ဆီသတ်ပါ။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။
 ၃။ ပါးပါးညှပ်ထားသော ငါးဖယ်ကြော် ထည့်ပါ။ ငံပြာရည် ၆၀ မီလီထည့်ပါ။
 ၄။ ငံပြာရည်နံ့မွှေးလာလျှင် ဆီသတ်တာရပါပြီ။ ပန်းကန်ဖြင့် ဆယ်ထားပါ။
ဟင်းရည်အိုးတည်ရန်အတွက်
၁။ ဒန်အိုးထဲသို့ ရေ ၃ လီတာ ထည့်၍ တည်ပါ။ ရေဆူလျှင် ကြက်သွန်နီ ဥသေးလေးများ ထည့်ပါ။
 ၂။ ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို ထည့်ပါ။
 ၃။ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်း ထည့်ပါ။
 ၄။ ပဲစိမ်းနံ့ပျောက်အောင်တည်ပါ။ ပဲစိမ်းနံ့ပျောက်လျှင် ဆီသတ်ထားသော ကြက်သားအနှစ် ထည့်ပါ။
 ၅။ ပွက်လာလျှင် အုန်းနို့ ၁၆၀ မီလီ ၁ ဘူး ထည့်ပါ။
 ၆။ အုန်းနို့နံ့မွှေး၍ ရေကျလာလျှင် အရသာအပေါ့အငံမြည်းကာ စားနိုင်ပါပြီ။