ငှက်ပျောသီး

ငှက်ပျောသီး

ငှက်ပျောသီးတွင်အများဆုံးပါဝင်နေတဲ့ အာဟာရဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်ဖြစ်ပါ တယ်။ ငှက်ပျောသီးမှာ အခြားအသီးတွေ အများစုလိုပဲ အဆီနှင့် ပရိုတင်းမကြွယ်ဝပါဘူး။ ငှက်ပျောသိးမှာ ဗီတာမင် ဘီဆစ် (B6) ထူးထူးခြားခြား ကြွယ်ဝပါတယ်။ တီဘီရောဂါအတွက် အိုင်ဆိုနိုင်ယာဇစ် (Isoniazid) ဆိုတဲ့ဆေးကို သောက်နေရသူတွေကို ဆရာဝန်တွေက ဗီတာမင် ဘီဆစ်တွဲပြီး သောက်စေတာကို လူနာတွေ သိကြပါတယ်။ ဗီတာမင်ဘီဆစ်ဟာ အာရုံကြောတွေကို ကျန်းမာစေပါတယ်။ သွေးအားကောင်းစေတဲ့ အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ နှလုံးသွေးကြောရောဂါဖြစ်တဲ့ လူတွေရဲ့ သွေးထဲမှာ များနေတတ်တဲ့ Homocystine ကို လျော့နည်းသွားစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

ငှက်ပျောသီးမှာ ဗီတာမင်စီလည်း အသင့်အတင့်ပါပါတယ်။ ဗီတာမင်စီဟာ သွားဖုံးနှင့် အရိုးတွေကို ကြံ့ခိုင်စေတဲ့အပြင် အင်တီအောက်စိဒင့် အာနိသင်လည်း ရှိပါတယ်။ ငှက်ပျောသီးကို မီးဖုတ်လိုက်ရင် ပါနေတဲ့ ဗီတာမင်စီတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်အေ လည်း အသင့်အတင့်ပါဝင်ပါတယ်။

ကယ်လိုရီများတဲ့ ငှက်ပျောသီး

ငှက်ပျောသီးဟာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အ တွက် ကယ်လိုရီများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ၄ လက်မခွဲလောက်ရှိတဲ့ ငှက်ပျောသီးတစ်လုံး (၁၁ဝ-ဂရမ်ခန့်) စားလိုက်ရင် ကယ်လိုရီ ၁ဝဝ လောက်ရပါတယ်။ ကိုယ်အလေးချိန် လျှော့ချင်နေသူ၊ ထိန်းနေသူ လူကြီးတွေအတွက်တော့ ပမာဏအားဖြင့် ဆင်ဆင်ခြင်ခြင် စားသုံးသင့်တဲ့ အသီးမျိုးဖြစ်ပါတယ်။

ငှက်ပျောသီးမှာပါတဲ့ ဂလူးကို့စ် (Glucose) နှင့် ဖရပ်တို့စ် (Fructose) သကြားတွေဟာ သွေးထဲ မြန်မြန်ရောက်ပြီး အင်အားကို ဖြစ်စေတာမို့ ပင်ပင်ပန်းပန်း လှုပ်ရှားကစားပြီးတဲ့နောက်မှာ မြန်မြန်အားပြန်ဖြည့်ဖို့ အားကစားသမားတွေ စားသုံးကြတဲ့အသီးလည်း ဖြစ်ပါတယ်။

ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး

ပိုတက်စီယမ်ဟာ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ ဇီဝလုပ်ငန်းအများအပြားကို ဆောင်ရွက်ပါတယ်။ ဆား (ဆိုဒီယမ်) စားသုံးမှုကြောင့် တက်လာနိုင်တဲ့ သွေးပေါင်ချိန် ကို ပိုတက်စီယမ်က ထိန်းနိုင်စွမ်းရှိပါတယ်။
ငှက်ပျောသီး အရွယ်လတ်တစ်လုံး (၁ဝဝ) ဂရမ်မှာ အစာမျှင် ၇ ဂရမ်လောက် ပါပါတယ်။ ဗီတာမင်စီ၊ အစာမျှင် တို့ကြောင့် ငှက်ပျောသီး မှန်မှန်စားသုံးခြင်းဟာ ဝမ်းကို မှန်စေပါတယ်။

ငှက်ပျောသီးမှာ အာဟာရဓာတ်တွေအပြင် ကျန်းမာရေးကို အကျိုးပြုတဲ့ Lutein, Zea-xanthin နှင့် acarotenes စတဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်ပေါင်းတွေလည်း ပါဝင်နေပါသေးတယ်။ ပမာဏအားဖြင့်တော့ မများလှပါဘူး။ Lutein ဟာ သက်ကြီးရွယ်အိုဘဝမှာ မျက်စိကွယ်စေတဲ့ Macular degeneration ဆိုတဲ့ ရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

ငှက်ပျောသီးဟာ ဆီးချိုသွေးချို ဝေဒနာရှင်တွေအနေနဲ့ ပမာဏအားဖြင့် ချင့်ချိန်စားသုံးရမည့် အသီးမျိုးဖြစ်ပါတယ်။ ဂလူးကို့စ်သကြားရဲ့ သွေးချိုတက် အမြန်နှုန်း ၁ဝဝ ဆိုရင် ငှက်ပျောသီးရဲ့ သွေးချိုတက်အမြန်နှုန်းဟာ ၅၂ မှ ၇ဝ (Glycemic index 52-70) ထိ ရှိပါတယ်။

ငှက်ပျောသီး ရဲ့ ဘေးထွက် ဆိုးကျိုး (၄) မျိုး

၁။ ချွဲထစေတယ်

ငှက်ပျောသီး ဟာ အအေးစာ တစ်မျိုးဖြစ်တဲ့အတွက် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်း မှာ ပြဿနာရှိသူတွေအတွက်တော့ အန္တရာယ်ရှိပါတယ်။ အဲဒါကတော့ ချွဲထစေနိုင်တာပါပဲ။ နောက်ပြီး အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြဿနာတချို့ ကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသေးတယ်။ငှက်ပျောသီး စားသုံးမှုကြောင့် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီကမှတဆင့် အသက်ရှူရ ခက်ခဲခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ရင်ဝမှာ ချွဲပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အခြေအနေ ဆိုးရွားရင် ချွဲဆို့ပြီး သေတတ်ပါတယ်။

၂။ ဝိတ်တက် စေမယ်

ငှက်ပျောသီး အရွယ်ခပ်လတ်လတ်တစ်လုံးမှာ (၁၀၅) ကယ်လိုရီပါဝင်ပါတယ်။ ဒါကြောင့် ကယ်လိုရီနည်းတဲ့ မုန့်ပဲသရေစာ တစ်ခုခုကို ရှာနေတယ်ဆိုရင်တော့ ငှက်ပျောသီး က အကောင်းဆုံး ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။

၃။ ခေါင်းကိုက် စေတယ်

ငှက်ပျောသီးထဲမှာ တွေ့ရတတ်တဲ့ Tyramine လို့ခေါ်တဲ့ အရာတစ်မျိုးဟာ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ သွားကိုက်သွားနာစေမယ်

ကစီဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးတွေဟာ သွားကိုက်သွားနာခြင်းနဲ့ သွားအပေါ်ယံကြွေလွှာ ပျက်ဆီးခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းမှာ ကစီဓာတ်တွေက ခံတွင်းထဲမှာ ပျော်ဝင်နိုင်လို့ပါပဲ။