ငြုပ်ကောင်း

ငြုပ်ကောင်း

ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့ အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါ အကျိုးကျေးဇူး တို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ဝေဒနာ တွေကိုလည်း ထိထိရောက်ရောက် သက်သာ စေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ် ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်

ငရုတ်ကောင်းဟာ လျှာအရသာခံ အဖုတွေကို လှုံ့ဆော် ပေးတာကြောင့် အစာစားချင်စိတ် မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်

ကိုယ်ပူပြီးဖျားနေချိန်မှာငရုတ်ကောင်းစေ့အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာ စေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်

သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်း ပေးပါက သွားကိုက် ဝေဒနာကို သက်သာ စေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်

တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်း ခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်

ငရုတ်ကောင်း အနည်းငယ် ငုံပေးတာကြောင့် ချောင်းခြောက် ဆိုးတာနဲ့ လည်ချောင်း ယားယံတာ တို့ကို သက်သာ စေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင် လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။

(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်

ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကို သောက်တာကြောင့် ချွေးထွက် များစေပြီး ဆီးသွား စေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက် တွေကို ကင်းစင် သွားစေ ပါတယ်။

(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်

အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေ အတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည် ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယား သတ်တဲ့ ဂုဏ်သတ္တိ ပါဝင်လို့ပါ။

(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်

ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန် ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာ ပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာ အကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ် ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာ ကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်

ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါး တွေကို လှုံ့ဆော်မှု ဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာ သွားစေ နိုင်ပါ တယ်။ နှာခေါင်း ပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူ လမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝ ရှူနိုင် ပါလိမ့်မယ်။