(၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်
ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်
ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံသာမက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကိုလည်း လျော့နည်းစေပါတယ်။ ဟိုမိုစစ်စတင်းအဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ်ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ်ပေးပါတယ်။
(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ်
ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည်ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန်ပေးနိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာထက် ပိုများပါတယ်။
(၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်
ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
(၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ်
ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။
(၆) နှလုံးကို ကာကွယ်ပေးပါတယ်
ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျစေပါတယ်။
(၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ်
ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်းအတာ လျော့ကျလိုသူတွေ အနေနဲ့ ဟင်းလျာအရသာ တိုးအောင် ကြက်သွန်မြိတ် အနည်းငယ် ထည့်သင့်ပါတယ်။ ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ မလိုဘဲ ဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာရှိနေပါလိမ့်မယ်။